ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော့်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ အဲဒီနေ့ မနက်က စိတ်ထဲမှာ သိပ်တော့ မကြည်သာဘူး။ နံနက်စာစားဖို့ ထမင်းစားခန်းထဲ ၀င်သွားတော့ ကျနော့်စိတ်ထဲမှာ ကျနော့်ဇနီးက ကြည်ကြည်နူးနူးနဲ့ “ဟက်ပီး ဘာ့သ်ဒေး” လို့ ဆီးပြောလိမ့်မယ်၊ ပြီးတော့ ကျနော့်အတွက် လက်ဆောင်တခုလည်းပေးလိမ့်မယ်...လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် “ဟက်ပီးဘာ့သ်ဒေး” နေနေသာသာ “ဂွဒ်မောနင်း” လို့တောင် နှုတ်ဆက်ဖော်မရဘူး။ ကျနော့်စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။ ဘယ်လို ဇနီးမျိုးလဲ သိရတာပေါ့။
အနည်းဆုံးတော့ ကျနော့်ကလေးတွေကတော့ မှတ်မိမှာပဲလို့ ဖြေတွေးတွေးမိတယ်။ ဒါနဲ့ ကလေးတွေ နံနက်စာစားဖို့ ၀င်လာကြတယ်။ ကလေးတွေကလည်း တခွန်းမှတောင် ဟ ဖော်မရဘူး။ ကျနော်လည်း နံနက်စာကို ခပ်သုတ်သုတ်စားပြီး ရုံးကို ထွက်လာခဲ့လိုက်တယ်။ ကျနော့်မှာ စိတ်အားလည်းငယ်၊ ၀မ်း ကလည်းနည်းပေါ့။
ရုံးထဲ ၀င်လိုက်တော့ ကျနော့်အတွင်းရေးမှူးမလေး ဂျက်နက်က “ဂွတ်မောနင်း...ဘော့စ်။ ဟက်ပီးဘာ့သ်ဒေး” လို့ ဆီးနှုတ်ဆက်တယ်။ ဒီတော့မှ ကျနော်လည်း နည်းနည်း စိတ်သက်သာရာရသွားတယ်။ အနည်းဆုံး တယောက်ကတော့ ကျနော့်မွေးနေ့ကို မှတ်မိဖော်ရသေးတဲ့အတွက် မဆိုးလှသေးဘူးလို့ တွေးမိတယ်။ နေမွန်းတည့်ချိန်အထိ ကျနော် အလုပ်တွေကို ဖိလုပ်နေလိုက်တယ်။
မွန်းတည့်ကာနီးမှာ ဂျက်နက်က အခန်းတံခါးလာခေါက်တယ်။သူမက... “ ဒီနေ့ အပြင်မှာ တော်တော် သာယာတယ်။ ဒီနေ့က ရှင့်မွေးနေ့လည်းဖြစ်တယ်။ ဒီတော့ ရှင်နဲ့ကျမ နှစ်ယောက်တည်း နေ့လည်စာ သွားစားရအောင်”...လို့ ပြောလာတယ်။“အေး....ဒီနေ့ ကြားရသမျှထဲမှာတော့ အကောင်းဆုံးဘဲ၊ လာသွားကြစို့”.....လို့ ကျနော်က ပြန်ပြောလိုက်တယ်။ကျနော်တို့ နေ့လည်စာအတူ သွားစားကြတယ်။ ခါတိုင်းသွားနေကျ နေရာတွေကို မသွားဘူး။ မြို့ပြင်က တိတ်ဆိတ်ပြီး သီးသန့်ကျတဲ့ နေရာလေးတနေရာမှာ သွားစားဖြစ်တယ်။ မာတီနီ နှစ်ခွက်စီသောက်ဖြစ်ကြပြီး အစားအသောက်ကိုလည်း တော်တော်လေး ခံတွင်းတွေ့တယ်။ရုံးကို အပြန်လမ်းမှာ သူမက ပြောလာတယ်။“ဘော့စ်....ရှင်သိတဲ့အတိုင်း ဒီနေ့က အင်မတန် လှပတဲ့ နေ့တနေ့။ ကျမတို့ ရုံးကို ပြန်သွားဖို့ရော လိုသေးလို့လား”ကျနော့် ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး... “ဟာ....မလိုပါဘူး။ ဘာဖြစ်လို့လဲ” လို့ လှိုက်မောစွာ ပြန်မေးတဲ့အခါ သူမက....“ဒါဖြင့် ကျမ အခန်းကို သွားကြရအောင်လေ။ အဲသည်ရောက်ရင် ရှင့်ကို ကျမ မာတီနီ တခွက် ထပ်ပြီး စပ်ပေးမှာပေါ့”ဒီလိုနဲ့ ကျနော်တို့ သူမအခန်းကို သွားကြတယ်။ မာတီနီ တခွက်စီ ထပ်သောက်ကြပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာနေတုန်းမှာ သူမက...“ ဘော့စ်.... ရှင် ဘယ်လိုမှ မအောက်မေ့ဘူးဆိုရင် ကျမလေ.. အိပ်ခန်းထဲခဏ၀င်ပြီး သက်တောင့်သက်သာရှိမယ့် ပေါ့ပေါ့ပါးပါးအ၀တ်အစားလေးတစုံလောက် လဲလိုက်ချင်တယ်၊ ဖြစ်တယ်မို့လား”(ကျနော်....တိုး၍ တိုး၍ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်)...... “အိုကေ”ဒါနဲ့ သူမလည်း အိပ်ခန်းထဲကို လှစ်ကနဲ ၀င်သွားတယ်။
ခြောက်မိနစ်လောက် ကြာတော့ အခန်းထဲက သူမ ပြန်ထွက်လာတယ်။ မွေးနေ့ကိတ်ကြီးတလုံးကို လက်နှစ်ဖက်နဲ့ မ ပြီးတော့ သယ်လာတယ်။ သူမ နောက်မှာက ကျနော့်မိန်းမနဲ့ ကလေးတွေ...။ အားလုံးဟာ ဟက်ပီးဘာ့သ်ဒေး သီချင်းကို သံပြိုင်အော်ပြီး သီဆိုလာကြတယ်။
အဲသည်အချိန်မှာ ကျနော်က ဆိုဖာပေါ်မှာ ထိုင်လို့......။ ကျနော့်ကိုယ်ပေါ်မှာ အ၀တ်အစားဆိုလို့ ဗလာ။ ခြေအိတ်ကလွဲပြီး ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။
( အင်တာနက်ပေါ်က “Why I fired my secretary” ဆိုတဲ့ ဟာသ တခုကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတာပါ။ အချို့လည်း ဖတ်ဘူးပြီးသား ဖြစ်မှာပါ။ )
(source: Ko Paw)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment